ပေါင်းတည်မြို့နယ် ကုက္ကိုပင်ကျေးရွာအုပ်စု၊ ကုက္ကိုပင်ကျေးရွာတွင် စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပေါင်းတည် ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာများက ယမန်နေ့ နံနက်ပိုင်းက ကုက္ကိုပင်ကျေးရွာအုပ်စု၊ ကုက္ကိုပင်ကျေးရွာသို့ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်က ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ မိတ်ဆက်စကားပြောကြားပြီး ဒေသတွင်း စားသုံးဆီ သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း ယခုထက် ပိုမိုဆောင်ရွက်နိုင်ရေး၊ ဒေသနှင့်ကိုက်ညီမည့် အခြားစိုက်ပျိုးသီးနှံများကိုလည်း ရာသီအလိုက် ပိုမိုစိုက်ပျိုးနိုင်ရေး၊ ယူရီးယားဓာတ်မြေသြဇာ၊ ပေါင်းသတ်ဆေး စနစ်တကျ သုံးစွဲရေး၊ သစ်ရွက်စိမ်းမြေသြဇာ ပိုမိုတိုးချဲ့စိုက်ပျိုးရေး၊ နေကြာ၊ မတ်ပဲ၊ မြေပဲ သီးထပ်၊ သီးညှပ် စိုက်ပျိုးရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာ၊ ဆည်မြောင်းဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိရစ္ဆန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများကလည်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သက်ဆိုင်ရာဌာနတစ်ခုခြင်းစီ၏ ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်း စဉ်များကို အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် ဒေသခံတောင်သူများမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သိရှိလိုသည်တို့ကိုမေးမြန်းရာ သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ဖြေကြားခဲ့​ကြောင်း သိရသည်။

အေးအေးဆင့်