မိုးညိုမြို့နယ်၊ သပြေပင်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်

မိုးညို ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက သာယာကုန်းကျေးရွာအုပ်စု၊ သ‌‌ပြေပင်ကျေးရွာသို့ ဒေသဖွံ့ဖြိုးရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး‌ဆွေးနွေးပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက မြို့နယ်မှဌာနဆိုင်ရာများက မိမိတို့‌ကျေးရွာဖွံ့ဖြိုးရေးအတွက် လာရောက်၍ ဆွေးနွေးပွဲပြုလုပ်ခြင်းဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများမှ သိလိုသည်များကို မေးမြန်းနိုင်ကြောင်း ‌ပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေး ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ကျန်းမာ‌ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် သက်ဆိုင်ရာဌာနတစ်ခုခြင်းစီ၏လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများက သိရှိလိုသည်တို့ကို မေးမြန်းရာ ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။

ထို့နောက်တောင်သူများ ကုန်ကျစရိတ်သက်သာပြီး လွယ်ကူစွာ ပြုလုပ်သုံးစွဲနိုင်သည့် ကြက်သွန်ဖြူ ပိုးသတ်ဆေးပြုလုပ်နည်း၊ တမာရွက်ဖြင့် ပိုးသတ်‌ဆေး ပြုလုပ်နည်း၊ လက်ချားနှင့် ပုလဲဓာတ်‌မြေ ဩဇာအသုံးပြု၍ ရွက်ဖျန်းအားဆေးပြုလုပ်နည်း၊ ကိုင်းကူး/ကိုင်းစပ် ပြုလုပ်နည်းနှင့် မြေချဉ်/ငံ တိုင်းတာခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ လက်တွေ့ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)