ဟင်္သာတခရိုင်ရုံး (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ စာဖတ်စွမ်းရည်၊ ဆေးရောင်ခြယ်နှင့် ကျပန်းစကားပြောပြိုင်ပွဲများကျင်းပ

ဟင်္သာတ ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ စာဖတ် စွမ်းရည်၊ ဆေးရောင်ခြယ်နှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲများကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်လ ၁၉ ရက်နေ့ တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရာ ဟင်္သာတမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်နှင့် အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၆၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများတွင် အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်း အရာများ ဖြေဆိုခဲ့ကြပြီး ပြိုင်ပွဲအသီးသီးရှိ ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဟင်္သာတခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇူလိုင်လ(၁၈)ရက်နေ့တွင် ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။         

ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဇူလိုင်လ ၁၄ ရက်နေ့တွင်လည်း မြို့နယ် စာရေးဆရာအသင်းနှင့် ပူးပေါင်းကာ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လူငယ် အသိပညာပေး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး အာဇာနည်နေ့နှင့် ပတ်သက်၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ရရှိစေရန်နှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ် ရင့်သန်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ခြင်း၊ နံရံကပ် စာစောင်ပြသခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်