သရက်ချောင်း ဇူလိုင် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၄၈၄ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၂)ရက်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပပြုလုပ်သော ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသော တိုင်းဒေသကြီး သံဃာနာယကအဖွဲ့ဝင် ကျောက်မြောင်းတောင်သစ်ကျောင်းတိုက်ဆရာတော် မဟာဓမ္မဇောတိကဓဇဘဒ္ဒန္ဒအာစရ၊ သရက်ချောင်းမြို့နယ် သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ညောင်ဇင်ကျောင်းသစ်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဓမ္မဇောတိကဓဇဘဒ္ဒန္ဒနှင့် ဆရာတော် သံဃာတော် အရှင်သူမြတ် (၁၀)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ သရက်ချောင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တရားနာဧည့်ပရိတ်သတ်များက တက်ရောက်ခဲ့ပြီး နမောတဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ကျောက်မြောင်းတောင်သစ်ကျောင်းတိုက်ဆရာတော် မဟာဓမ္မဇောတိကဓဇဘဒ္ဒန္ဒအာစရထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဩဝါဒခံယူခြင်း၊ ကြွရောက်လာသော ဆရာတော် သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်တော်မူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တရားနာဧည့်ပရိတ်သတ်များက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း၊ နဝကမ္မနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ ဆရာတော်အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေပြီးနောက် ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)