ရေနံချောင်း ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး မကွေးတက္ကသိုလ် သမိုင်းဌာန ပါမောက္ခ(ငြိမ်း) မြန်မာနိုင်ငံသမိုင်းကော်မရှင်အဖွဲ့ဝင် ဆရာကြီးဦးတင်ခြုံက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်စိတ်ဓာတ်၊ အာဇာနည်၏အဓိပ္ပာယ်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရယူကြိုးပမ်းခဲ့ပုံများကို အကျယ်တဝင့် ရှင်းလင်းဟောပြောသည်။
ထို့နောက် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်က ဆရာကြီးဦးတင်ခြုံအား ဂုဏ်ပြုလက်ဆောင် ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများတွင် ရေနံချောင်းတက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသားကျောင်းသူ ၄၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်