မြိတ်မြို့တွင် ကျောင်းသား/သူများအား ကလေးသူငယ် အခွင့်အရေးများ၊ မူးယစ်ဆေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများ အသိပညာပေး ဟောပြော

မြိတ် ဇူလိုင်  ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းသား/သူများအား ကလေးသူငယ်အခွင့်အရေးများ၊ မူးယစ်ဆေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

ဟောပြောပွဲကို ကလေးသူငယ်အခွင့်ရေးကို ကလေးများ ကိုယ်တိုင်နားလည်သိရှိပြီး ကျ‌ရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်ကို မိမိကိုယ်တိုင် ကာကွယ်နိုင်ရန်၊ ကလေးသူငယ် အခွင့်ရေးများရှိသလို ကလေးများလိုက်နာရမည့် ကျင့်ဝတ်၊ စည်းကမ်းများကိုလည်း သိရှိလိုက်နာတက်ရန်၊ သဘာဝဘေး အန္တရာယ်အကြောင်းအရာများနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအရာများကို သိရှိစေရန်နှင့် ကြိုတင်ကာကွယ် ရှောင်ရှားတတ်စေရန် ရည်ရွယ်ချက် ဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြန်လည် ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းက ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေးခေါင်းစဉ်ဖြင့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေများ၊ ကလေးသူငယ်အခွင့်အရေး(၄)ရပ်၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ခြင်း၊ကလေးများလိုက်နာ ဆောင်ရွက်သင့်သည်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး ဟောပြောသည့်အကြောင်းအရာများကို အမေးအဖြေပြုလုပ်၍ ဖြေဆိုကြသူများကို ဗလာစာအုပ်များချီးမြှင့်ပေးအပ်ပြီး တက်ရောက်သည့် ကျောင်းသား/သူများအား ဘောပင်များ ပေးအပ်ခဲ့ကြသည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွေးနွေးစိုးနှင့်တာဝန်ရှိသူများက ကြိုတင်ကာကွယ် သဘာဝဘေး အန္တရာယ်ခေါင်းစဉ်ဖြင့် သဘာဝကြောင့် ဖြစ်သောဘေးအန္တရာယ်များ၊ လူကြောင့်ဖြစ်သောဘေးအန္တရာယ်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွား လေ့ရှိသော ဘေးအန္တရာယ်များ၊ လိုက်နာဆောင်ရွက်ရန်/သတိပြုရန်/ရှောင်ရှားရန် အချက်များကို ဟောပြောခဲ့ကြပြီး ပညာပေးလက်ကမ်းစာစောင်များ ဝေငှခဲ့ကြသည်။ ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်ရှင်းသန့်က “မူးယစ်အန္တရာယ် လူ့ရန်စွယ်” ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)