ကြံခင်းမြို့တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ

ကြံခင်း ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင်(၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က အဖွင့်အမှာစကား ပြောကြားရာတွင် "မျိုးဆက်သစ်လူငယ်နှင့် အနာဂတ်အတွက်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေရေး" အား လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်မှ အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ အတ္ထုပ္ပတ္တိအားလည်းကောင်း၊  အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း  ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်မှ အာဇာနည်နေ့နှင့်မြန်မာ့သမိုင်း၊  ပြည်သူ့နီတိနှင့်အညီ ကျင့်ကြံနေထိုင်ရေးအားလည်းကောင်း ပြောကြားကြသည်။

ဆက်လက်ပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးဇေမင်းထွန်းနှင့် အထက်တန်းပြဆရာမဒေါ်စုစုခိုင်တို့က "အာဇာနည်နေ့အခမ်းအနား ပေါ်ပေါက်လာပုံ” နှင့် "အာဇာနည်နေ့ အကြောင်းသိကောင်းစရာများ” ကို ပြောကြားပြီးနောက်   အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/သူ(၇)ဦးမှ "အာဇာနည်နေ့ နှင့်အမျိုးသားရေး တာဝန်" ခေါင်းစဉ်ဖြင့် ကျပန်းစကားပြောဝင်ရောက် ယှဉ်ပြိုင်ကြရာ ဆုရရှိသော ကျောင်းသား/သူများနှင့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် (အကြို)ကျောင်းတွင်း စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲတွင် ဆုရကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ကြသည်။

အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းတန်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇေမင်းထွန်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်နှင့်ဝန်ထမ်းများ၊  (အထက-၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၃၂၀)ဦး တက်ရောက်ကြပြီး  ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသော (၇၅)နှစ်မြောက်အာဇာနည်နေ့  အထိမ်းအမှတ်(အကြို) နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲများအား ကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)