လိပ်သို ဇူလိုင် ၁၅
ကရင်ပြည်နယ် ဘားအံခရိုင် လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်တွင် ယမန်နေ့နံနက်က(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ဂျိုဝါးနာက ကျောင်းသားကျောင်းသူများအား အမှာစကားများ ပြောကြားပေးပြီးနောက် အထက်တန်းပြဆရာမ ဒေါ်နော်ဝေဝေလွင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ဟောပြောပေးခဲ့သည်။
ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲကို ပြုလုပ်ခဲ့ရာ အာဇာနည်နေ့နှင့် ပတ်သက်၍ မိမိကြိုက်နှစ်သက်ရာ ခေါင်းစဉ်များဖြင့် ရေးသားယှဉ်ပြိုင်စေခဲ့ပြီး အထက်တန်းအဆင့်တွင် ကျောင်းသား(၅)ဦး၊ ကျောင်းသူ(၁၀)ဦး၊ အလယ်တန်းအဆင့်တွင်ကျောင်းသား(၃)ဦး၊ ကျောင်းသူ(၅)ဦး စုစုပေါင်း(၂၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ဆုရကျောင်းသား ကျောင်းသူများအား ဆုများ ဆက်လက်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ် ဆရာမကြီးထံမှ သိရသည်။
လိပ်သို(ပြန်/ဆက်)