ပွင့်ဖြူမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)ပါ အချက်အလက်များအား ဆော့ဖ်ဝဲလ်နည်းပညာဖြင့် Data Base ရေးသွင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)ပါ အချက်အလက်များအား ဆော့ဖ်ဝဲလ်နည်းပညာအသုံးပြု၍ Data Base ရေးသွင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရာတွင် မဲစာရင်းများ တိကျမှန်ကန်စေရေး နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ရမည့်သူများကို စနစ်တကျ ဆောင်ရွက်ပေးခြင်းမှာ အရေးကြီးသည့်လုပ်ငန်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိမိနိုင်ငံနှင့် မိမိလူမျိုးအတွက် အကျိုးဖြစ်ထွန်းစေမည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)များ တိုက်ဆိုင်စိစစ်၍ စာရင်းရေးသွင်းခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများအားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးညွန့်ဝင်းထူးက အိမ်ထောင်စု လူဦးရေစာရင်း(၆၆/၆)ပါ အချက်အလက်များ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ဆော့ဖ်ဝဲလ်နည်းပညာ အသုံးပြု၍ Data Base ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်များနှင့် ကွန်ပျူတာလိုအပ်ချက်နှင့် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေ (၆၆/၆)ပါ အချက်အလက်များ Data Base ရေးသွင်းခြင်းလုပ်ငန်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် အကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ပွင့်ဖြူမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း(၆၆/၆)ပါ အချက်အလက်များအား ဆော့ဖ်ဝဲလ်နည်းပညာ အသုံးပြု၍ Data Base ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် တစ်မြို့နယ်လုံး အိမ်ထောင်စုပေါင်း ၃၆၉၀၀ စုရှိကြောင်း သိရကာ ဇူလိုင် ၁၈ ရက်နေ့မှ စတင်ပြီး ရက်ပေါင်း(၃၅)ရက်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )