ကော့ကရိတ်မြို့နယ်တွင် (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲများပြုလုပ်

ကော့ကရိတ် ဇူလိုင် ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၇၅) နှစ်မြောက်အာဇာနည်နေ့အကြို အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံတူ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲတို့ကို ယမန်နေ့မွန်းလွဲ ၂နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က ကျောင်းသူကျောင်းသားများအနေဖြင့် နေ့ထူးနေ့မြတ်များတွင် ပြုလုပ်သည့်အထိမ်းအမှတ်နေ့များအား သိရှိစေရေး အာဇာနည်နေ့သိကောင်းစရာများနှင့် ပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးအသုံးချတက်စေရေးအတွက် ကာယဉာဏပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲများကျင်းပရာ အထကချောင်းတောင်ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများကို အောင်ဆန်းဇာနည် ကဗျာရွတ်ဆိုခြင်း၊ ဗိုလ်ချုပ်အောင်းဆန်းပုံတူ ဆေးရောင်ခြယ်ခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ခြင်းတို့အား ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက်ကျောင်းသူ ကျောင်းသားများသည် ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသည့် အာဇာနည်များ၏အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်ဓါတ်ပုံတို့ကို ကြည့်ရှုကြကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)