တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတက်ရောက်

ထားဝယ် ဇူလိုင် ၁၅

တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်မာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက တက်ရောက်၍ ကျောင်းသူ၊ ကျောင်းသား အနေဖြင့် ဉာဏ်၊ ပညာ၊ သတိနှင့်ယှဉ်၍ ပြုမူနေထိုင်ရန်၊ မိဘ၊ ဆရာသမား၏ဂုဏ်ကျေးဇူးကို အထူးသိတတ်ရန်နှင့် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ရန်လိုအပ်ကြောင်း၊ ကွမ်း၊ ဆေးလိပ်၊ မူးယစ်ဆေးများ အထူးရှောင်ရှားရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှူး ဦးတင်အောင်ကျော်က စားသုံးသူများ လုံခြုံစိတ်ချမှုရရှိစေရေး၊ စားသုံးသူအခွင့်အရေး(၈)ချက်အားလည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး ဒေါ်မေသန်းနိုင်က အစားအသောက်နှင့်ဘေးကင်းစေရေး၊ ဆေးဝါး၊ ဆေးပစ္စည်း၊ လူသုံးကုန်နှင့်အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး အကြောင်းအရာများအားလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က လူငယ်နှင့်အားကစားအကြောင်းအရာများအားလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဥက္ကာက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေ အနေများအားလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက ကျောင်းပညာရေးပဒေသာပင်အတွက် အလှူငွေတစ်သိန်းကျပ်အား ပေးအပ်လှူဒါန်းရာကျောင်းအုပ်ကြီး ဦးမြင့်လွင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့် တာဝန်ရှိသူများက ကျောင်းဝင်းအတွင်း ရောင်းချနေသော ကျောင်းမုန့်ဈေးတန်းအား ကြည့်ရှုစစ်ဆေးပြီး ပီဇာ၊ မက်မန်းယို၊ သကြားလုံးအစရှိသော အသင့်စားမုန့်မျိုးစုံ နမူနာများအားဝယ်ယူ၍ တိုင်းဒေကြီးကြီး(FDA) ဓာတ်ခွဲခန်းတွင် ခွင့်မပြုဓာတုဆေးများပါဝင်ခြင်းရှိ၊မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)