ဒီးမော့ဆိုမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သော တောင်သူများအား ထောက်ပံ့ငွေပေးအပ်

ဒီးမော့ဆို စက်တင်ဘာ    ၁၀


မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သော ဒီးမော့ဆို မြို့နယ် သေးဆူလဲကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ၈ ဦးအား ကယားပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် “ဩဂုတ်လပထမပတ်က မိုးသည်းထန်စွာရွာသွန်းပြီး ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာအုပ်စုအတွင်းရှိ ကွင်းအမှတ် ၅၀ တွင် တောင်သူ ၆၀ ဦးခန့် စိုက်ပျိုးထားသော သီးနှံစိုက်ခင်း ၁၀၀ ဒသမ ၇၀ ဧကခန့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ဖြစ်စဉ်အပေါ် တောင်သူ ၈ ဦး စိုက်ပျိုးထားသော သီးနှံစိုက်ခင်း ၂၇ ဒသမ ၅၀ ဧကသည် သီးနှံများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် အတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ တစ်ဧကလျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၁ သိန်းကိုတောင်သူ ၈ ဦးထံ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း” မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးပိုင်က ပြောကြားခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေး မှူး ဦးစန်းထွန်းလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)