မင်းဘူး ဇူလိုင် ၁၄
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို သိရှိနိုင်စေရန် ရည်ရွယ်၍ အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲကို ဇူလိုင် ၁၄ ရက် နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာကြီးမှ စာစီစာကုံးပြိုင်ပွဲ၌ ပါဝင်ရမည့် အကြောင်းအရာများနှင့် ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး “၁၉ ဇူလိုင် မမေ့နိုင်” ခေါင်းစဉ်ဖြင့် မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ၂ ဦးနှင့် ကျောင်သူ ၁၄ ဦး စုစုပေါင်း ၁၆ ဦး ဝင်ရောက်ဖြေဆို ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများကို အသီးသီးချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် အာဇာနည်နေ့အကြို ဟောပြောပွဲကို ကျောင်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင်က အာနည်နေ့အကြိုဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားကာ မင်းဘူးမြို့ အ.ထ.က(၁)ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ခင်မာသီက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို ကျောင်းသား/ကျောင်းသူများအား ဗဟုသုတတိုးပွားစေရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့သည်။
အဆိုပါ (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲသို့ မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ဦးရေ စုစုပေါင်း ၁၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)