ရွှေတောင်စုကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး စေတနာဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်လှစ်

အင်္ဂပူ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စု၊ ရွှေတောင်စု ခေတ်မီစံပြ ကျေးရွာတွင် ယနေ့ နံနက် ၉ နာရီက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သည့် သဘာဝလေးလျော့ပါးရေး စေတနာဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးက အမှာစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာချမ်းမြေ့ က သင်တန်းဖွင့်လှစ် ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းတွင် မီးဘေးအန္တရာယ်အကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ချိန် အရေးပေါ်အခြေအနေတွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအယူအဆနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုစက်ဝန်း အကြောင်း၊ ဘေးအန္တရာယ်နှင့် ဖွံ့ဖြိုးရေးတို့ဆက်စပ်နေမှုများ၊ ရပ်ရွာလူထု အခြေခံသော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ရှာဖွေကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရသည်။ သင်တန်းသို့ သင်တန်သား(၃၀)ဦး တက်ရောက် ပြီး သင်တန်းကာလ ၃ ရက်ကြာ ဖွင့်လှစ် ပို့ချသွားမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာန ဝန်ထမ်း များ၊‌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

မန်းကျော်(ပြန်/ဆက်)