ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်

ရှားတော စက်တင်ဘာ ၁၀


ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် (၈)နာရီအချိန်၌ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များက လူသွားလူလာများသော ဈေးပိုင်းရပ်ကွက် ကယားပိုင်းလမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ ဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့ တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူသွားလူလာများ သော ဈေးပိုင်းရပ်ကွက် ကယားပိုင်းလမ်းဆုံတွင် သွားလာနေသော ပြည်သူများအား နေအိမ်ပြင်ပသို့ သွားလာပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး ပြောကြား ပြီး Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask (၂)ခုကို ငွေကျပ် (၁၀၀၀) နှုန်းဖြင့် ချက်ချင်း ဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)