လက်ပံတန်းမြို့၌ အာဇာနည်နေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

လက်ပံတန်း ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အာဇာနည်နေ့ အထိမ်းအမှတ် အခြေခံမူလတန်းဆင့် စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယနေ့က ကျင်းပသည်။

အာဇာနည်နေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် မူလွန်(၂)လမ်းနှင့် အလက ကျွန်းကလေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး ဗိုလ်ချုပ်၏ နှစ်(၁၀၀)ပုံရိပ်များ စာအုပ်မှ “လူမှာအရေးအကြီးဆုံးက ကိုယ်ကျင့်တရား အမှန်တရား” ဆောင်းပါးကို ဖတ်ကြားယှဉ်ပြိုင်ကြသည်။ အဆိုပါ ကျောင်းသား၊ ကျောင်းသူများမှ  အကောင်းဆုံးဖတ်ကြားယှဉ်ပြိုင်နိုင်သည့် ကျောင်းသား၊ ကျောင်းသူ သုံးဦးအား မြို့နယ်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်သက်သက်ညို၊ စာပေချစ်သူများအသင်းဥက္ကဋ္ဌ ဦးမြင့်သိန်းနှင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းတို့က ဆုများချီးမြှင့်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ကိုးဦး၏ သမိုင်းအကျဉ်းများကို နံရံကပ်စာစောင်၊ ဓာတ်ပုံများဖြင့် ခင်းကျင်းပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)