လှိုင်းဘွဲ ဇူလိုင် ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆွေးနွေးကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးစောသော်တာ လင်းသန့်က အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း သိကောင်းစရာများကို ပြည်သူများ သိရှိနိုင်စေရန်အတွက် အသိပညာပေး Talk show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး စစ်မှုထမ်းဟောင်း၊ တပ်ခွဲတပ်ကြပ်ကြီး (ငြိမ်း) လင်းခိုင်က အာဇာနည်ဆိုသည်မှာ သာမာန်လူတွေထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်ပြီး လူအများက စံသတ်မှတ်ခြင်း ခံရသော အရည်အချင်းနှင့် ပြည့်ဝသူ၊ အမှန်တရားဘက်မှ ရပ်တည်ပြီး ကိုယ့်အကျိုးကိုပင် ပဓာနမထားဘဲ အများအကျိုး၊ တိုင်းပြည်အကျိုးအတွက် အသက်ကိုပင်စွန့်လွတ်ဝံ့သော သတ္တိ၊ ဗျတ္တိနှင့် ပရဟိတ စိတ်ဓာတ်ပြည့်သူဖြစ်ကြောင်း၊ အာဇာနည်ခေါင်းဆောင်တို့၏ အတုယူဖွယ်ရာ စိတ်ဓါတ်များ၊ အာဇာနည်ခေါင်းဆောင်တို့၏ လုပ်ကြံခံရမှုဖြစ်စဉ်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး (ငြိမ်း) ဦးဌေးဝင်းက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်တို့၏ အများအကျိုး၊ တိုင်းပြည် အကျိုးအတွက် တာဝန်ထမ်းဆောင်ခဲ့မှုများ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုများ၊ အာဇာနည် ခေါင်းဆောင်ကြီးများအား အောက်မေ့သတိရသောအားဖြင့် အာဇာနည်နေ့အခမ်းအနားများ ကျင်းပခြင်း၊ စာစီစာကုံးပြိုင်ပွဲများ၊ အသိပညာဟောပြောပွဲများကို ဆောင်ရွက်ခြင်းနှင့် အားဇာနည်နေ့နှင့် ပတ်သက်၍ သိကောင်းစရာများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)