ကြာအင်းဆိပ်ကြီး ဇူလိုင် ၁၄
စားသုံးကုန်အသီးအနှံပင်ဖြစ်သည့် ကျွဲကော်သီးပင် ဒေသအခေါ် (ဓာတ်ကျွဲကော်သီး)အား ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ သဘာဝရာသီဥတုနှင့် ရေခံမြေခံအခြေအနေအရ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံမြေများတွင် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ အပိုဝင်ငွေများရရှိလျက်ရှိကြောင်းသိရသည်။
အဆိုပါကျွဲကော်ပင် ဒေသအခေါ် (ဓာတ်ကျွဲကော်ပင်) အား အကိုင်းဆက်ပျိုးပင်တစ်ပင်လျှင် ငွေကျပ်(၅၀၀၀)ကျပ်ခန့် ဈေးနှုန်းဖြင့် သီးနှံပင်ပျိုးထောင်ရောင်းချသူများထံမှ ဝယ်ယူရရှိ၍ ပြန်လည်စိုက်ပျိုးခြင်း မြေဩဇာများထည့်သွင်းခြင်း နွေရာသီတွင်ရေသွင်း၍ စနစ်တကျပြုစု ပျိုးထောင်စိုက်ပျိုးခြင်းဖြင့် သုံးနှစ်ခန့်အကြာတွင် အပွင့်အသီးစတင်ထွက်ရှိကြောင်း သိရသည်။
၎င်းကျွဲကော်ပင်၏စိုက်ပျိုးသက်တန်း လေးငါးခြောက်နှစ်ခန့်အကြာတွင် ကျွဲကော်သီး အသီးအပွင့်များကောင်းမွန်စွာ လှိုင်လှိုင်သီး၍ အသီးရင့်မှည့်ချိန်တွင် ခူးဆွတ်ရောင်းချရောင်းရာ ဒေသအတွင်း၌ကျွဲကော်သီးတစ်လုံးလျှင် အသီးအလုံးအရွယ်အစားပေါ်မူတည်ပြီး တစ်လုံးလျှင် ငွေကျပ် (၁၅၀၀)ကျပ်မှ (၂၅၀၀) (၃၀၀၀)ကျပ်အထိ ဈေးနှုန်းရရှိပြီး မိသားစုအပိုဝင်ငွေများရရှိကာ အဆင်ပြေကြောင်းသိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)