အိမ်မဲမြို့နယ် (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

အိမ်မဲ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း  Book Club   အဖွဲ့နှင့်  ပူးပေါင်း၍ သုတပဒေသာ‌ သူငယ်‌ရေးရာ စာစောင်တွင် သန့်လွင်ထွန်း (MPA) ရေးသားသည့် ကလေးအလုပ်သမား ပပျောက်ရေး ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁ နာရီက ကျင်းပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ပြည်သူများ၊ စာဖတ်ပရိသတ်များ စာပေဖတ်ရှု သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေအသိများ မျှဝေပေးနိုင်ရန် စာဖတ်ဝိုင်းများ ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြား၍ သန့်လွင်ထွန်း (MPA) ရေးသားသည့် ကလေးအလုပ်သမားပပျောက်ရေး ဆောင်းပါးတွင် ကမ္ဘာတစ်ဝန်း၌ ကလေးအလုပ်သမားဆိုင်ရာ ပြဿနာများ ပေါ်ပေါက်နေကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ကလေးအလုပ်သမားဘဝသို့ ရောက်ရှိနေသူအချို့သည် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ကြုံနေ ရကြောင်းနှင့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး  ကြိုးပမ်းဆောင်ရွက်ကြရမည့် နည်းလမ်းအများ အကြောင်းဖတ်ရှု ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး Book Club  အဖွဲ့ဝင် ဒေါ်ခင်လဲ့လဲ့ခိုင်သန်းမှ မြန်မာနိုင်ငံတွင်လည်း ကလေးအလုပ်သမား အမြောက်အမြား ရှိနေဆဲဖြစ်၍ ကလေးအလုပ်သမားများအား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ ပညာသင်ကြားနိုင်ရေးများ ဆောင်ရွက်ပေးဖို့လိုကြောင်း ဆွေးနွေးခဲ့ပြီး စာဖတ်ပရိသတ် မောင်ရဲလင်းထက်က ကလေးအလုပ်သမားများအား ပညာသင်ခွင့်ရရှိရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး‌  တာဝန်ရှိသူများမှ  ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဖတ်ရှဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာဖတ်ပရိသတ်များက အပြန် အလှန် ဆွေးနွေးခဲ့ကြသည်။

အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများ၊ စာဖတ်ပရိသတ်များ၊ စာပေချစ်မြတ်နိုးသူများ Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အသိပညာရရှိစေမည့် စာပေဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်လျက်ရှိကြောင်း သိရသည်။

အိမ်မဲ (ပြန်/ဆက်)