ဒေးဒရဲ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမ တက်နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်အခွင့်အလမ်းများ မဆုံးရှုံးစေရေး ရည်ရွယ်၍ မိဘအုပ်ထိန်းသူများ၊ ဆရာ၊ ဆရာမများ နှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က တက္ကသိုလ်ဝင်တန်း စာမေးပွဲကျရှုံးသူ များနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်သော ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြန် တက်နိုင်ရေးအတွက် မိဘအုပ်ထိန်းသူများ၏ အခက်အခဲများ တင်ပြမှုများအား ပေါင်းစပ်ဖြေရှင်း ဆောင်ရွက် ပေးနိုင်ရေး တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးလှစိုးက တက္ကသိုလ်ဝင်တန်းကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ရောက်နိုင်သော သူများ အတွက် အခြေခံပညာကျောင်းများတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့ထိ ကျောင်းအပ်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ မိဘများအနေဖြင့် ကျောင်းသားလူငယ်များ၏ ပညာရည်ဖွံဖြိုးတိုးတက်မှုမှတစ်ဆင့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာစေရေး ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ပြီး မြို့နယ် ရဲတပ် ဖွဲ့မှူး သက်နိုင်ဦးက ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်နိုင်ရေးနှင့် ပြင်ပရောက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်များနှင့် လမ်းမှား မရောက်ရှိစေရေးအတွက် မိဘအုပ်ထိန်းသူများက ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြား ဆွေးနွေးခဲ့ရာ တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများက မေးမြန်းတင်ပြချက်များကို တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းခဲ့ ကြောင်း သိရသည်။
အေဇာလင်း