ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဝါတွင်းကာလ “မဟာသံဃိကဒါန” အာရုဏ်ဆွမ်း လောင်းလှူပူဇော်ပွဲကျင်းပ

ပုသိမ် ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဝါတွင်းကာလ “မဟာသံဃိကဒါန” အာရုဏ်ဆွမ်း လောင်းလှူပွဲ (အဌာရသမ) ၁၈ ကြိမ်မြောက် အခမ်းအနားကို ယနေ့ နံနက် ၄ နာရီ ၃၀ အချိန်တွင် ပုသိမ်မြို့ ဒေါ်လှယဉ်(ဝိသာခါ) ဓမ္မာရုံ၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်၍ ပုသိမ်မြို့ရှိ ကျောင်းပေါင်း(၁၀၈)ကျောင်းမှ ဝါဆိုဝါကပ်တော်မူကြသော ကျောင်းတိုက် အသီးသီးမှ ဆရာတော် အရှင်သူမြတ် စုစုပေါင်း(၁၉၃၉) ပါးတို့အား အရုဏ်ဆွမ်းလောင်းလှူ ပူဇော်ခဲ့ကြသည်။

အရုဏ်ဆွမ်း လောင်းလှူပူဇော်ပွဲအပြီးတွင် ပုသိမ်မြို့ရှိ ထေရ်ကြီးဝါကြီး သံဃာတော်အရှင်သူမြတ် ငါးပါးတို့ကို ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ပြုလုပ်ရာ ပုသိမ်မြို့၊ နိရောဓာရုံပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ထံမှ ငါးပါးသီလခံ ယူဆောက်တည်ကြပြီး ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ နာယူကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။

လှူဒါန်းပွဲအပြီးတွင် ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်ဆရာတော်ထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရား နာယူခဲ့ကြကာ အမျှအတန်းပေးဝေခဲ့ကြသည်။ အခမ်းအနားသို့ ကြွရောက်တော်မူခဲ့ ကြသည့် ဆရာတော်ကြီး ငါးပါးတို့အား အရုဏ်ဆွမ်းနှင့် အချိုပွဲများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့မှဆက်ကပ် လှူဒါန်းခဲ့ကြပြီး အခမ်းအနားတက်ရောက်ကြသူများအား နံနက်စာဖြင့် ဧည့်ခံ ကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်