ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ပုလော  ဇူလိုင်   ၁၄

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်စာပေချစ်သူများအဖွဲ့က စာရေးဆရာ ဒေါက်တာခင်မောင်အေး (နှလုံး)၏ လူရယ်လို့ ဖြစ်လာလျှင် စာအုပ်စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပုလောမြို့နယ် (Community Centre) ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် စာပေချစ်သူများအဖွဲ့မှ ဒေါ်မြစောနွယ်က လူဟာသတ္တဝါအားလုံးထဲမှာ အသိဉာဏ် အရှိဆုံး သတ္တဝါအဖြစ်သတ်မှတ်ထားကြပါကြောင်း၊ လူ့ဘဝရခိုက်တရားလည်းလေ့လာခွင့်ရကြောင်းအပယ်တံခါးကို ပိတ်အောင်လည်းကျင့်လို့ရကြောင်း၊ အမိဝမ်းမှကျွတ်ပြီး လူ့ဘဝကိုရောက်ရှိလာကာမိဘရဲ့စောင့်ရှောက်မှု အောက်မှာကြီးပြင်းလာရကြကြောင်း၊ ဘဝဆိုတာခဏလေးပဲဖြစ်ကြောင်း၊ ဘဝအတွက်အတွေ့အကြုံတွေ သင်ခန်းစာယူစရာတွေကို အောက်မေ့လျက် နာရီစက္ကန့်နှင့်အမျှ အလုပ်လုပ်နေရ၍ သတိရှိနေသင့်ကြောင်းနှင့် တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစွာအသုံးချတတ်သူများဖြစ်စေရန် ဘဝဆိုတာ ခဏလေးပါ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။

ယင်းနောက် စာပချစ်သူ ဦးသိန်းဖြိုးက လူမှုရေး စိတ်ဓာတ်နှင့် မှန်ကန်တဲ့ ရွေးချယ်မှု၊ ဦးအာကာဖြိုးက အောင်မြင်နေသောအချိန်များနှင့် လူငယ်များသိသင့်သည်မှာ စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိတဲ့ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်(အကြို) ဗိုလ်ချုပ်အောင်ဆန်း၏ အဆို့အမိန့် မိန့်ခွန်းများနှင့်ဆောင်းပါးများ၊ ကဗျာများကိုစိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)