မြိတ် ဇူလိုင် ၁၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကဟန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးသွားသောနေအိမ်(၁)လုံးရှိ အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ညနေပိုင်းက သွားရောက်ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။
လေဘေးသင့်အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်းဖိုး တစ်သိန်းကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ ဘေးသင့်အိမ်ထောင်စုရှိ လူဦးရေ(၇)ဦးအတွက်(၇)ရက်စာ ဆန်ရိက္ခာဖိုး (၁၈၉၀ဝ)ကျပ်နှင့် မူလတန်းကျောင်းသား(၁)ဦးနှင့် ကျောင်းသူ(၁)ဦးအတွက် (၄၆၀၃၆)ကျပ်တန်ဖိုးရှိ ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးသောင်းအေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွေနွေးစိုးနှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ခဲ့ကြသည်။
ကဟန်းကျေးရွာ၌ ဇူလိုင်လ(၁၂)ရက် နေ့လယ်ပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်သဖြင့် သရက်ပင်လဲကျ၍ နေအိမ်ပျက်စီးသွားခဲ့ပြီး ထိခိုက်ဏ်ရာရသေဆုံးမှုများ မရှိကြောင်း၊ အလားတူ မြိတ်မြို့နယ်အတွင်း ယမန်နေ့က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်သဖြင့် သစ်ပင်အချို့ လဲပြိုမှုများရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများမရှိကြောင်းနှင့် လဲပြိုခဲ့သောသစ်ပင်များအား တာဝန်ရှိသူများနှင့် ပြည်သူများက ဝိုင်းဝန်းရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)