မြဝတီ ဇူလိုင် ၁၄
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ(Book Club)အသင်းဝင်များစုပေါင်း၍ ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ခင်စောတင့်ရေးသားသည့်“သင့်ဘဝကိုပြောင်းလဲပစ်နိုင်မယ့်နည်းလမ်း၆၀” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ကြသည်။
စာဖတ်ဝိုင်းတွင် စာရေးဆရာမတင်အုန်းသျှင်က အဆိုပါစာအုပ်မှ “ပျော်ရွှင်စရာအနာဂတ်ကို မျှော်မှန်းပါ” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် သင်သည်မည်သည့်ကိစ္စတစ်ခုမဆို ဆောင်ရွက်မည်ဆိုလျှင်အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဆိုသည့် ဒွိဟစိတ်ကိုခံစားရပေမည်၊ ဥပမာလုပ်ငန်း တစ်ခု စတင်လုပ်ဆောင်မည်ဆိုပါက လုပ်ငန်းမစတင်မီ ထိုလုပ်ငန်းသက်ဆိုင်သည့် အကြောင်း အရာဆက်စပ်မှုကို ဦးစွာပိုင်နိုင်ကျွမ်းကျင်စေရန် အချိန်ယူလေ့လာထား သင့်ပေသည်။ ထိုမှသာမိမိ ဆောင်ရွက်မည့်လုပ်ငန်းအတွက် ကောင်းကျိုးသုခဖြစ်ထွန်းစေမည်၊မိမိရည်မှန်းချက်၊ မျှော်မှန်းချက်များ မလွဲမသွေရရှိမည်ဖြစ်ကြောင်း ဦးဆောင်ဆွေးနွေးပေးသည်။
ဆက်လက်၍ စာပေဝါသနာရှင်ဒေါ်ဝင်းဝင်းမြတ်က ထိုစာအုပ်မှပေးသည့် သင်ခန်းစာများသည် မိမိတို့အရွယ် လူငယ်များဘဝတွက် ခွန်အားတစ်ခုဖြစ်စေကြောင်းနှင့် စာပေဖတ်ပါများမှသာလျှင် အမှား၊အမှန် ချင့်ချိန်သုံးသပ် ဝေဖန်ခွဲခြားနိုင်မည်ဖြစ်ကြောင်းကို ပြန်လည်ဆွေးနွေးပေးသည်။
ထို့နောက်တက်ရောက်သည့် စာပေချစ်မြတ်နိုးသူများက ဆွေးနွေးခဲ့သည့် ခေါင်းစဉ်အပေါ်သုံးသပ်ချက်အမြင်များဖြင့် အကြုံပြုဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)