မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ အချိန်စေ့လွန်ကြွေးဟောင်းကြွေးကျန်များ ပိုမိုကောက်ခံရရှိရေးဆောင်ရွက်

မင်းလှ ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မင်းလှမြို့နယ်ဘဏ်ခွဲမှ အချိန်စေ့လွန် ကြွေးဟောင်းကြွေးကျန်များ ပိုမိုကောက်ခံရရှိရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ချေးငွေ စိစစ်ရေးအဖွဲ့နှင့် တောင်သူလယ်သမားများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီချိန်က ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးနှင့် လက်ထောက်အထွေထွေမန်နေဂျာ ဦးခင်မောင်စိုးတို့က ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များထုတ်ချေးပေးရေးကိစ္စရပ်များကို ရှင်းလင်းပြောကြား သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်က ရပ်ကွက်/ကျေးရွာအုပ်စု ချေးငွေစိစစ်ရေးအဖွဲ့နှင့် တောင်သူလယ်သမားများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ချေးငွေများနှင့် ပတ်သက်၍ ထပ်မံညှိနှိုင်းဆွေးနွေးပြောကြားသည်။

ထို့နောက် ရပ်ကွက်/ကျေးရွာအုပ်စု ချေးငွေစိစစ်ရေးအဖွဲ့နှင့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းတင်ပြခဲ့ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်  ဌာနအကြီးအကဲများက ဆွေးနွေးဖြေကြားခဲ့သည်။

တွေ့ဆုံပွဲသို့ ခရိုင်မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်မိုးသီတာ၊ မြို့နယ် မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာဦးအောင်မြတ်မိုးနှင့် ဝန်ထမ်းများ တတ်ရောက်ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)