မော်လမြိုင်ကျွန်းမြို့နယ်တွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ် ဆောင်ရွက်

မော်လမြိုင်ကျွန်း ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယနေ့နံနက် ၈နာရီအချိန်က မြို့နယ်အတွင်းရှိ ဝက်သား အရောင်းဆိုင်များနှင့် ဝက်မွေးမြူရေးခြံများတွင် အာဖရိက ဝက်အပြင်းဖျားရောဂါနှင့် ဝက်ဝမ်းကျ ရောဂါကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဝက်သားအရောင်းဆိုင်များတွင် ဝက်များဝယ်ယူရာ၌ သတိပြုရှောင်ကြဉ်ရန် ကိစ္စရပ်များနှင့် သံသယရှိပါက မြို့နယ်ရုံးသို့ ဆက်သွယ်အကြောင်းကြားရန် ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဝက်မွေးမြူရေးခြံများတွင် ကူးစက်ရောဂါကာကွယ်ရေးအတွက် မွေးမြူရေးခြံသုံး ဆေးသုံးစွဲခြင်းအား လက်တွေ့သရုပ်ပြခြင်းလုပ်ငန်းများ‌ ဆောင်ရွက်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)