ပေါက်ခေါင်း ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ မူလတန်းလွန်နှင့် မူလတန်းကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် စာသင်ကျောင်းအခြေပြု ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဇွန်လ ၂ ရက်နေ့က ပထမအကြိမ်စတင်ထိုးနှံပေးခဲ့ရာ ယခုအခါသတ်မှတ် ရက်ပြည့်မြောက်၍ ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို သက်ဆိုင်ရာ စာသင်ကျောင်းဆေးထိုးစုရပ်များအလိုက် ကျန်းမာရေးဝန်းထမ်းများက ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှချမှတ်ထားသည့် စည်းကမ်းချက်များနှင့် မိဘအုပ်ထိန်းသူ၏ သဘောတူညီချက်ရရှိမှသာ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး၊ ဇူလိုင်လ ၁၃ ရက်နေ့အထိ မြို့နယ်အတွင်း အခြေခံပညာကျောင်း (၂၁၈) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၁၂၄၅) ဦးကို မိဘများ၏ သဘောဆန္ဒအရ ဆေးတစ်လုံးလျှင် (၅) ဦးထိုးနှံရသည့် Sinopharm ဆေးအမျိုးအစားကို ထိုးနှံပေးခဲ့ကြောင်းသိရသည်။ ပေါက်ခေါင်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ် အတွင်း ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့က ပေါ်လံကြီးမူလတန်း၊ လယ်တီကျေးရွာ မူလတန်းကျောင်းနှင့် ရွှေတောင်ငွေတောင်ကျေးရွာ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၄၅) ဦး ထိုးနှံပေးခဲ့ကြောင်းနှင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသူများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများက သက်ဆိုင်ရာနယ်မြေဆေးထိုးစုရပ် စာသင်ကျောင်းများသို့ ကွင်းဆင်းထိုးနှံ ပေးလျက်ရှိပြီး၊ ပေါက်ခေါင်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီးသူ ၉၄ ဒသမ ၅ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)