နတ်မောက်မြို့၌ လူငယ်ရေးရာ ဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

နတ်မောက် ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် (၂) နာရီ အချိန်က လူငယ်ရေးရာဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များနှင့် ပတ်သက်၍ လူငယ်ဘ၀သည် ခွန်အားပြည့်၀စ ပြုချိန်ဖြစ်၍ ဘ၀အတွက် ရည်မှန်းချက် ရောင်နီသန်းချိန်၌ ဘ၀ပန်းတိုင်ကို မျှော်ပြီး တာစူးချိန်တွင် ပြင်ဆင်မှု ကောင်းပါမှ တာအတွက် ကောင်းမည်ဖြစ်ပါကြောင်း၊ လူငယ်ဘ၀တွင် အခြေခံဉာဏ်ရည် ကာယစွမ်းအားဝါသနာနှင့် စိတ်ဝင်စားမှုတို့အပေါ် မူတည်ပြီး ဘ၀ရည်မှန်းချက်ကို တည်ဆောင်ရန်၊ ရည်မှန်းချက်အတွက် ကြိုးပမ်းလုပ်ဆောင်ခြင်းသည် ဘ၀အောင်မြင် ကြီးပွားရေးအတွက် လုပ်ဆောင်ခြင်း ဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ စာရေးဆရာ မောင်မင်းစိုးရေးသားသော “လူငယ်နှင့်အထက်တန်းစိတ်ဓာတ်” ဖြင့် စာဖတ်ဝိုင်းကျင်းပရာ ဒုတိယဦးစီးမှူးက လူငယ်များ ပေါင်းသင်းဆက်ဆံရေးတွင် လူတိုင်းအတွက် အရေးကြီးဆုံး ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် နောင်တဆိုတဲ့ တရားကို နောင်မှ ရနေခြင်းမျိုးမဖြစ်ရန်၊ အတ္တကို ရှေ့တန်းတင်ပြီး မလုပ်သင့်တာ မလုပ်မီရန်တို့ကို ဆွေးနွေးခဲ့ရာ စာပေဝါသနာပါသူတစ်ဦးမှ “လူငယ်နဲ့ကျန်းမာရေး” အကြောင်းအရာအား ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မူမူစန်း