မင်းလှမြို့နယ်၌ ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

အထက်မင်းလှ ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်းပြီး ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးဟောပြောပွဲ ကို ယနေ့နံနက် ၉ နာရအချိန်က မင်းလှ အခြေခံပညာ အထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သူဇာလှိုင်မှ ကလေးသူငယ် အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မိုင်းအန္တရာယ်အသိ ပညာပေးခြင်းစသည့် ခေါင်းစဉ်ပါအကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ပြီး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်နီလာဦးက ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်‌ ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ ဒုတိယဦးစီးမှူး ‌ဒေါ်အိသဇင်လှိုင်က လူကုန်ကူးခြင်းကင်းဝေးဖို့ အားလုံးဝန်းဝိုင်းပူးပေါင်းစို့ခေါင်းစဉ်ဖြင့် အသိပညာပေးဟော ပြောဆွေးနွေးကာ ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မှဦးစီးအရာရှိတို့က ဆွေးနွေးဟောပြောချက်များအား ပြန်လည်မေးမြန်းခဲ့ရာ မေးမြန်းချက်များအား ဖြေဆိုနိုင်သည့် ကျောင်းသား/ကျောင်းသူများအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ‌ပေးလက်ကမ်းစာ‌စောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)