ဟားခါး ဇူလိုင် ၁၄
၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း ပြုစုခြင်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။
ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းစဉ် ( ၅ ) ရပ်ဖြင့် ဆောင်ရွက်ရမည်ကို ဗဟိုအဆင့်နှင့် ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင်သိရှိခဲ့ရ၍ ယခုလို အစည်းအဝေး ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်၊ ယနေ့ကျင်းပသည့် အစည်းအဝေး၏ အဓိကဌာနများဖြစ်ကြသော ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိနှင့် ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့ အနေဖြင့် မဲစာရင်းပြုစုခြင်း လုပ်ငန်းစဉ်များအလိုက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စီမံချက်များ ပြုစုထားရှိမှု အခြေအနေ၊ မဲစာရင်းပြုစုခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံ များနှင့် ပြည်နယ်အစိုးရမှ ပံ့ပူးပေးမည့်အချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း ထည့်သွင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးလင်းကျော်က ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် ရွေးကောက်ပွဲအတွက် မဲစာရင်းရလဒ် မှန်ကန်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေ၊ လဝက၏ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များနှင့် တိုက်ဆိုင်ပြုစုရာတွင် တွေ့ရှိရသည့်အချက်များ၊ လူဦးရေစာရင်း ကောက်ယူပြီးစီးမှု အခြေအနေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လဝကနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ မဲစာရင်းစစ်ဆေးမှု၊ မဲစာရင်းများမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေး ကောက်ယူမည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစီအမံများကိုလည်းကောင်း၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များအား Software Program ဖြင့် ထည့်သွင်းပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပုံစံ (၆၆/၆) အိမ်ထောင်စု လူဦးရေ စာရင်းများကို နိုင်−၄ ရိုက်သွင်းခြင်းနှင့် ချိတ်ဆက်ထားရှိမှု၊ နိုင်−၄ မှတ်တမ်းများ၊ ဧည့် (၁၅) ဦး မှတ်တမ်းများနှင့် ပြု (၂၅) ဦး မှတ်တမ်းများအား Software အတွင်း ၁၀၀ ရာခိုင်နှုန်း ထည့်သွင်းပြီးစီးမှု၊ ကွန်ပျူတာနှင့် ဝန်ထမ်းလိုအပ်မှုနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပူးပေးမည့် အချက်များကို Power Point ဖြင့် ရှင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိနှင့် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့၏ ရှင်းလင်းတင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က လိုအပ်ချက်များ အကြုံပြုဖြည့်စွက် ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန် / ဆက် )