ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

ဟားခါး ဇူလိုင် ၁၄

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်းဆန်းအောင်က အမှာစကား ပြောကြားရာတွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်သစ်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းဖြင့်သာ ထိရောက်စွာ ကာကွယ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည့်အတွက် ပြည်နယ်အတွင်းရှိ မိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးရေး အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံမှု ခံယူနိုင်ရေးနှင့် ထပ်ဆောင်းကာကွယ်ဆေးကို ထိုးနှံမှုခံယူနိုင်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း  တပ်ဆင်ခြင်းနှင့် ပတ်သက်၍ အခန်းတွင်း၌ လူတစ်ဦးနှင့် တစ်ဦးနီးကပ်စွာ ရှိနေခြင်း၊ အများပြည်သူအသုံးပြုသော ယာဉ်များဖြင့် ခရီးသွားလာခြင်း၊ ဆေးရုံ၊ ကျန်းမာရေးဌာနများ၊ ရုံးများ၊ ကျောင်းများ၊ ဈေးဝယ်စင်တာများ၊ ဘိုးဘွားရိပ်သာ စသည့် လူနေ ထူထပ်သောနေရာများ၌ လူအများနှင့် အတူရှိနေခြင်းစသည့် အခြေအနေများတွင် ပါးစပ်နှင့် နှာခေါင်းစည်းအား မဖြစ်မနေတပ်ဆင်ရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ကို လိုက်နာရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်က ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် မြို့နယ်များမှ တင်ပြလာသည့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူး ဒေါက်တာရန်နိုင်က ချင်းပြည်နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ အသက်(၁၈)နှစ် အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု၊ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ များနှင့် အသက် (၁၂)နှစ်မှ (၁၈) နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် မြို့နယ်အလိုက်  ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိ၊ သုံးစွဲ၊ လက်ကျန် အခြေအနေ များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အရပ်မှန်းအုပ်စုအလိုက် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ် ဆေးထိုးနှံပေး နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူနိုင်သည့် အခြေအနေနှင့် မျောက်ကျောက်ရောဂါ သိကောင်းစရာများကို လည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြသည်။

ထို့နောက်  ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လက်ကျန်များ သက်တမ်းမကုန်ဆုံးမီ အပြီးအစီးထိုးနှံနိုင်ရေး မြို့နယ်များမှ ကြိုတင်ဆောင်ရွက်ရန် လိုအပ်မှုနှင့် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ အခြေခံပညာကျောင်းသား/ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအား VMIS စနစ်တွင် စာရင်းရေးသွင်းရာတွင် အားနည်းသည့် မြို့နယ်များအား သက်ဆိုင်ရာပညာရေးဌာနမှ ကြီးကြပ်ရန်လိုအပ်မှုတို့ကို ဖြည့်စွက်ဆွေးနွေးပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က တစ်မြို့နယ်ချင်း အလိုက် သုံးသပ်အကြံပြု ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)