ချောက် ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ဒေါက်တာစိုင်းမင်းသူထွန်း ဦးဆောင်သောအဖွဲ့သည် ယမန်နေ့က ချောက်ခရိုင်၊ ချောက်မြို့ နယ်၊ မြို့မစျေးအတွင်း အစားအသောက်နှင့် မုန့်မျိုးစုံရောင်းချသော ဆိုင်များအား ကွင်းဆင်း စစ်ဆေး၍ ကောင်းမွန်သောကျင့်စဉ်နှင့်အညီ ရောင်းချခြင်းရှိ၊ မရှိ စစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုအား မကွေးတိုင်းဒေသကြီး (FDA) မှ ဒေါက်တာစိုင်းမင်းသူထွန်း နှင့်အဖွဲ့ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးမှူးဒေါ်လတ်လတ်ဌေး၊ စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဒေါ်မြတ်မြတ်မိုး၊ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်တင်ထွေးမင်းတို့နှင့် ပူးပေါင်း၍ ချောက်မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော အစားအသောက်နှင့် မုန့်မျိုးစုံဆိုင်များမှ အစားအသောက်နမူနာများအား ဝယ်ယူ၍ ဓါတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဓာတ်ခွဲအဖြေကောင်းမွန်မှုမရှိခြင်း၊ စားအသောက်များ သက်တမ်းရက် လွန်ခြင်း၊ စားသုံးရန်မသင့်သော အစားအသောက်များ ဖြစ်ပါက ရောင်းချသောစျေးသည်နှင့် ထုတ်လုပ်ရောင်းချသောသူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)