လူထုအခြေပြုဗဟိုဌာနတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြို အသိပညာပေး Talk Show ကျင်းပ

ကန့်ဘလူ ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြို အစီအစဉ်ကို လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နန်းမြင့်က Talk Show အစီအစဉ် ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အထက(ခွဲ) ညောင်အိုင်ကျောင်းမှ အထက်တန်းပြဆရာ ဦးကြည်ရှိန်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများနှင့် အာဇာနည်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ လွတ်လပ်ရေးရရှိအောင် ပြန်လည်ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊ အာဇာနည်နေ့အခမ်းအနားများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ တိုးပွားရရှိစေရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အသိပညာပေး Talk Show များ၊ ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများ၊ သင်တန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)