ကော့သောင်းမြို့တွင် ကျွဲ၊ နွားအရေပြားအကျိတ်နာရောဂါ သတိပြုစရာ အသိပညာပေးကွင်းဆင်းဆောင်ရွက်

ကော့သောင်း ဇူလိုင် ၁၄

ကော့သောင်းခရိုင်နှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျွဲနွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ အသိပညာရရှိစေရန်ရည်ရွယ်၍ ကျွဲ၊ နွားအရေပြားအကျိတ်နာရောဂါ သတိပြုစရာ အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကော့သောင်းခရိုင်နှင့်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျွဲ၊ နွားများတွင်ဖြစ်ပွားတတ်သည့် ကျွဲ၊ နွားအရေပြားအကျိတ်နာရောဂါနှင့်ပတ်သက်၍ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံပုံနှင့် ရောဂါကာကွယ်ရန်နည်းလမ်းများ ရိုက်နှိပ်ဖော်ပြထားသည့် နံရံကပ်ဗီနိုင်းပိုစတာကြီးများကို ကျေးရွာပြည်သူများသတိပြုနိုင်ကြစေရန် အသိပေးချိတ်ဆွဲခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များအား ကျေးလက်ပြည်သူတစ်ဦးချင်းစီသို့ လိုက်လံဝေငှခြင်း၊ အသိပညာပေးဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)