သာပေါင်း ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေး လုံခြုံရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စတင်၍ အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း)၊ သော်ကဆောင်ခန်းမ၌ ကျင်းပကြသည်။
စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားတွင် မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးကျော်သူလွင်မှ မီးသတ်ဦးစီးဌာန သမိုင်းကြောင်းများ၊ ဖွဲ့စည်းပုံနှင့် အရံမီးသတ်တပ်ဖွဲ့ ဖွဲ့စည်း ထားရှိမှု၊ မီးသတ်တပ်ဖွဲ့မှ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ပြည်သူများအား အချိန်မီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ လုပ်ငန်းတာဝန်များ၊ မြို့နယ် အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ၊ မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်း ရင်းများ၊ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး မီးအသုံးပြု ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များ၊ မီးငြှိမ်းသတ် နည်းများ၊ မီးလောင်မှုဖြစ်ပေါ်လာပါက အရေးပေါ်ဆက်သွယ်နိုင်ရန် မီးသတ်စခန်း ဖုန်းနံပါတ်၊ မီးသတ်ဆေးဘူး သုံးစွဲနည်းအဆင့်ဆင့်တို့ကို အသိပညာပေး ရှင်းလင်းဟောပြောပြီးနောက် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်သူလွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောင်းသား၊ ကျောင်းသူများအား မီးငြှိမ်းသတ်ဆေးဘူး အသုံးပြု နည်းတို့ကို လက်တွေ့ရှင်းလင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း