သရက်မြို့၌ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ် ဆောင်ရွက်မှုနှင့် ပြည်သူလူထုပညာပေး ပိုစတာ စိုက်ထူခြင်း ဆောင်ရွက်

သရက် ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး သရက်မြို့၌ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ် ဆောင်ရွက်မှုနှင့် ပြည်သူလူထုပညာပေး ပိုစတာ စိုက်ထူခြင်း ဆောင်ရွက်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ဒေသနွားမျိုးထိန်း မျိုးပွားသရုပ်ပြခြံတွင် ကျင်းပခဲ့ရာ ပြည်သူလူထု အသိပညာပေး ပိုစတာစိုက်ထူခြင်း အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးများ တက်ရောက်ကြသည်။

ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူး ဒေါက်တာခင်ဌေးမြင့်၊ မြို့နယ် ဦးစီးမှူး ဒေါက်တာညိုဝင်းနှင့် ဝန်ထမ်းများ၊ ကျေးလက် တိရစ္ဆာန် ကျန်းမာရေးလုပ်သားများသည်  တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်အစီအစဉ်ဖြင့် ပိုစတာများ စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရောဂါစူးစမ်း ထောက်လှမ်းခြင်းနှင့် ဒေါင့်သန်း ရောဂါ ကာကွယ် ဆေးထိုးခြင်းများကို ကိုးပင်ကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက် ရောဂါတစ်မျိုးဖြစ်သည့် အရေပြား အကျိတ်နာရောဂါကို မြန်မာနိုင်ငံမှာ ကြိုတင်ကာကွယ်နိုင်စေရန် ပြည်သူလူထု အသိပညာပေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ပြီး ၎င်းရောဂါသည် မွှား၊ ခြင်၊ ယင်ကိုက်ခြင်း၊ ရောဂါပိုးနှင့် ထိတွေ့ထားသော အစာ၊ ရေ၊ ဆေးထိုးအပ်နှင့် ရောဂါဖြစ် တိရစ္ဆာန်တွေမှ တစ်ဆင့်ကူးစက်နိုင်ပြီး သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ တွေ့ရှိပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ထံ အမြန်ဆုံးသတင်း ပို့နိုင်ကြောင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနထံမှ သိရသည်။

ဇော်ထက်(သရက်)