ပခုက္ကူ ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ နှုံးပို့ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ပြည်လုံးချမ်းသာစေတီတော်သည် ဇူလိုင်၇ ရက် မွန်းလွဲ ၁ နာရီခန့်က ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်အတွင်းသို့ ရေခပျက်စီးခဲ့ရာ ကြွင်းကျန်ရစ်သည့် အပိုင်းအစများအား လက်ရှိအချိန်တွင် ရှင်းလင်းနေကြကြောင်း ကျေးရွာနေပြည်သူများထံက သိရသည်။
"ဧရာဝတီမြစ်ရေဟာ ဇွန်လတတိယပတ်မှ စတင်ကာ မြင့်တက်လာတာဖြစ်ပြီး မြစ်ကမ်းပါးတိုက်စားမှုတွေရှိတာကြောင့် မြစ်ကမ်းနံဘေးမှာရှိတဲ့ ရွာရဲ့ရှေးဟောင်းစေတီတော်ကြီးပါ မြစ်ထဲသို့ ရေခပြိုကျပျက်စီးခဲ့ပါတယ်၊ ကျေးရွာဘုန်းတော်ကြီး ကျောင်းမှာလည်း မြစ်ကမ်းနှင့် ပေ(၂၀)လောက်သာ ကွာဝေးတော့သဖြင့် ရေဘေးလွတ်ရာရွာရဲ့တောင်ဘက်ကို ဦးစွာရွှေ့ပြောင်းပေးခဲ့ပြီးပါပြီ၊ ဘုန်းကြီးကျောင်းကို ဘေးလွတ်ရာသို့ အရင်ရွှေ့ပြောင်းပြီး စေတီတော်ကြီးကို မြစ်ရေတိုက်စားတဲ့အထဲ မပါအောင်လုပ်ဖို့ ကြိုးစားနေတုန်းမှာ အခုလိုဖြစ်သွားတာပါ၊ ကျေးရွာမှာ စေတီလေးဆူရှိခဲ့ရာ ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးပြိုကျတာတွေကြောင့် ယခင်နှစ်တွေကတည်းက စေတီတော်တွေ ရေခပျက်စီးသွာခဲ့ပါတယ်၊ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလကလည်း ဉာဏ်တော်ကိုးတောင်၊ လုံးပတ်တော်(၂၈)တောင်ရှိတဲ့ လေးဆူတော်စေတီတစ်ဆူနှင့် ဗုဒ္ဓရုပ်ပွားတော်လေးဆူရယ်၊ ဉာဏ်တော်(၂၇)တောင်၊ လုံးပတ်တော်(၈၀)တောင်ရှိသည့် ရှစ်မျက်နှာစေတီတော်တစ်ဆူနှင့် ဗုဒ္ဓရုပ်ပွားတော်ရှစ်ဆူရယ်၊ အလျား ပေ(၆၀)၊ အနံပေ(၆၀)၊ အမြင့်(၁၅)ပေရှိ သွပ်မိုး၊ အုတ်ခင်း၊ သစ်မာ၊ သစ်လုံးတိုင်တွေနဲ့ တည်ဆောက်ထားတဲ့ အာရုဏ်ခံတန်ဆောင်တော် စတဲ့ ရှေးဟောင်းစေတီတော်တွေနှင့် အဆောက်အဦတွေ ပြိုကျပျက်စီးခဲ့ပါတယ်၊ အဲ့ဒီချိန်တုန်းက ကျေးရွာသမိုင်း အထောက်အထား စာရွက်စာတမ်းတွေနှင့် ရှေးဟောင်းပစ္စည်းတွေ မပျောက်ပျက်ဖို့အတွက် ဥယျာဉ်ကျေးရွာမှာ ယာယီတဲတွေ တည်ဆောက်ပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့ရပါတယ်။ ပြီးတော့ လူတစ်ချို့နှင့်ကျွဲ၊ နွားတိရစ္ဆာန်တွေကိုလည်း ပြောင်းရွှေ့ပေးခဲ့ရပါတယ်၊ လတ်တလောမှာတော့ ရေခပြိုကျပျက်စီးခဲ့တဲ့ ပြည်လုံးချမ်းသာစေတီတော်ရဲ့ ကျန်ခဲ့တဲ့အပိုင်းအစတွေကို ရှင်းလင်းနေကြပါတယ်၊ ကျေးရွာလုံးကျွတ် ပြောင်းရွှေ့ရမှာဖြစ်သော်လည်း အတည်တကျပြောင်းရွှေ့နေထိုင်ဖို့ မြေနေရာအခက်အခဲ ရှိနေသေးတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများအနေနဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါတယ်” ဟု ရွာခွဲတာဝန်ခံ ဦးအောင်ဆန်းလွင်က ပြောပြသည်။
ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ နုံ့းပို့ကျေးရွာတွင် အိမ်ခြေ(၃၉)အိမ်၊ အိမ်ထောင်စု(၄၈)စုနှင့် လူဦးရေ(၂၂၁)ဦးရှိပြီး ရေပေါ်ကျွန်းများ၌သာ စိုက်ပျိုးလုပ်ကိုင် စားသောက်နေထိုင်ကြသော်လည်း ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကမ်းပါးအနီးရှိ လူနေအိမ်(၁၃)လုံးအား ဘေးလွတ်ရာဖြစ်သည့် ကျေးရွာတောင်ဘက်သို့ အရေးပေါ် ကူညီရွှေ့ပြောင်းပေးရကြောင်း၊ ကျေးရွာအတွင်း မြစ်ရေဝင်ရောက်မှုများရှိသည့်အပြင် မြစ်ရေပိုမိုမြှင့်တက်လာနိုင်တာကြောင့် မြစ်ကမ်းပါးနှင့် အလှမ်းဝေးကွာသည့် လူနေအိမ်များကိုလည်း ရွှေ့ပြောင်းပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများက ဝိုင်းဝန်းကြိုးပမ်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက သိရသည်။
ဘာမီသာ(ပခုက္ကူ)