ပုသိမ် ဇူလိုင် ၁၃
ပုသိမ်မြို့ပေါ်ရှိ သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီးများ ဝါတွင်းကာလအတွင်း သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို စိတ်အေးချမ်းသာစွာ ကျင့်ကြံအားထုတ် ပွားများနိုင်ရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက် ၂၀၀ နှင့် သီလရှင် စာသင်တိုက် (၁)တိုက်အား ဧကာဒသမအကြိမ်မြောက် စုပေါင်း ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားအား ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး ဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဦးစွာ အခမ်းအနားအား “နမောတဿ” (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် ဩဝါဒစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တဝိဿုတ မဟာထေရ် အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များအား ဆက်လက်နာယူ ကြည်ညိုကြသည်။ ယင်းနောက် အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော ဆရာတော် သံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများက ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် သီလရှင် ဆရာကြီးများအား သီလရှင်ဝတ်စုံ၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများအား အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ (သုဓမ္မာ) မရမ်းချိုကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသောဘိတမဟာထေရ် အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီးများအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)