လွိုင်ကော် ဇူလိုင် ၁၃
လွိုင်ကော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ပြုလုပ်ကျင်းပဆောင်ရွက်ရာ ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အားကစားရုံ၌လည်းအလားတူ ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး အထက်တန်းပြဆရာမဒေါ်ဥမ္မာခိုင်မှ “အာဇာနည်နေ့မမေ့နိုင်ရာ ကျေးဇူးသိကြပါ” ခေါင်းစဉ်ဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအကျဉ်းနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်နေ့အခမ်းအနားကျင်းပပုံ၊ အာဇာနည်နေ့အခမ်းအနား ကျင်းပရသည့်ရည်ရွယ်ချက်များစသည့် အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည် မှတ်သားစေရန်အတွက် ဟောပြောခဲ့သည်။
ဆက်လက်၍ (၇၅)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများကိုလည်း အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်တို့ဖြင့် ဆက်လက်ကျင်းပ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)