ကျုံပျော် ဇူလိုင် ၁၃
မျိုးဆက်သစ်လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်၊ အားကစားစိတ်ပါဝင်စားပြီး နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ဦးဆောင်ကာ မိုးရာသီအားကစားသင်တန်းများကို အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းများတွင် အမျိုးသမီးဘောလုံးသင်တန်းနှင့် ပြေးခုန်ပစ်သင်တန်းကို ရေစခန်းကျေးရွာ အားကစားကွင်းတွင် လည်းကောင်း၊ အမျိုးသား ဘောလုံးသင်တန်းကို မြို့နယ်ပြည်သူ့အား ကစားကွင်းတွင် လည်းကောင်း၊ နေရာ(၂)ခုခွဲကာ ဖွင့်လှစ်သင်ကြားလျှက် ရှိပြီး၊ U18 အမျိုးသမီးဘောလုံးသင်တန်းတွင် သင်တန်းသား(၃၁)ဦး၊ U 16 အမျိုးသား ဘောလုံးသင်တန်းတွင် သင်တန်းသား (၁၂)ဦးနှင့် ပြေးခုန်ပစ်အားကစားသင်တန်းတွင် သင်တန်းသား(၅)ဦး၊ စုစုပေါင်း သင်တန်းသား (၄၈)ဦး တက်ရောက် သင်ကြားလျှက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို နည်းပြဆရာ(၃)ဦးမှ စနစ်တကျလေ့ကျင့်သင်ကြား ပေးလျက်ရှိကာ၊ သင်တန်းကာလမှာ (၁၅)ရက်ကြာဖြစ်ပြီး၊ ဇူလိုင် ၁၅ ရက်နေ့တွင် သင်တန်းကာလ ပြီးဆုံးမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်ငြိမ်းစန္ဒာထံမှ သိရသည်။ ကျုံပျော်မြို့နယ်သည် ထူးချွန်ထင်ရှား အားကစားသမားများ များစွာ ပေါ်ထွန်းရာဒေသဖြစ်ပြီး၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်စသည့် အားကစားနည်းများတွင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ များစွာ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)