ပုလော ဇူလိုင် ၁၃
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပလမြို့ အမှတ် ၃ ရပ်ကွက်၍ ယနေ့နံနက် ၃ နာရီခွဲ အချိန်၌ လူနေအိမ်(၁)လုံး ပြိုကျခြင်းနှင့် စာသင်ကျောင်းဆောင်နှင့် အိမ်သာခေါင်းမိုးများ အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပုလောမြို့နယ်၌ ဇူလိုင်လ ၁၁ ရက်နေ မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး၊ လေပြင်းတိုက်ခတ်မှု ဖြစ်ပွားလျက်ရှိရာ ပလမြို့ အမှတ် (၃) ရပ်ကွက် ဒေါ်တင်အုန်း နေအိမ် အလျား ၃၀ ပေ × အနံ၁၅ ပေ၊ ဓနိမိုး ဓနိကာ ပျဉ်ခင်းသစ်တိုင် မြေစိုက်အိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း၊ ပလ(အထက) ကျောင်း၌ ( ၄) ခန်းတွဲ RC နှစ်ထပ်ဆောင် အလျား ၉၀ ပေ × အနံ၃၀ ပေရှိ ကျောင်းဆောင် ခေါင်မိုးနှင့် (၄)ခန်းတွဲ အိမ်သာ(၄)လုံး၊ (၅)ခန်းတွဲ အိမ်သာ (၁)လုံး၊ (၂)ခန်းတွဲ အိမ်သာ (၁) လုံး ၊ သွပ်အမိုးလန် ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ၊ အဆိုပါ ပျက်စီးမှုများကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင် ထံမှ သိရသည်။
အဆိုပါ ပြိုကျပျက်စီးမှုများကို ပလမြို့ အုပ်ချုပ်ရေးမှူး ဉီးဆောင်မှုဖြင့် ပလမြို့ မီးသတ်ဦးစီးဌာန ဒုဦးစီးမှူး ဦးဇေယျာလင်းနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပျက်စီးမှုများကို ရှင်းလင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးမော် (ပြန်/ဆက်)