စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ကွင်းဆင်း ဆွေးနွေး

အုတ်ဖို ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မား လာစေရေးအတွက် အသိပညာပေးဆွေးနွေးပွဲများကို ကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဘုတလက်တန်းကြီးကျေးရွာတွင် ကွင်းဆင်း၍ ဒေသခံတောင်သူများထံအရောက် အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားရာ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မားလာစေရန် မိမိတို့အနေနဲ့ ပံ့ပိုးဆောင်ရွက် ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လာရောက်တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် မိမိဒေသဖွံ့ ဖြိုးတိုးတက်စေရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားလိုအပ်သည်များအား ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်းပြောကြားပြီး   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက အသီးသီးဟောပြော ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဒေသခံတောင်သူများက သိလိုသည်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

အောင်သူ