ဝါဆိုလပြည့်ကျော်(၁) ရက်နေ့တွင် ပခုက္ကူမြို့ရှိ ရှေးဟောင်း သမိုင်းဝင် တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ၌ ဘုရားဖူးပြည်သူများဖြင့် ဆက်လက် စည်ကား

ပခုက္ကူ ဇူလိုင် ၁၃

၂၀၂၂ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊  ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီး ဘုရား၊ စေတီတော်မြတ်ကြီးတို့၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် ဆက်လက် စည်ကားလျက်ရှိသည်။

ပခုက္ကူမြို့သည် ဗုဒ္ဓဘာသာ သာသနာထွန်းကားရာ မြို့တစ်မြို့ ဖြစ်သည်နှင့်အညီ သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေကူမြတ်စွာဘုရား၊ ဖောင်တော်ဦးဘုရား၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး စသည့် ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများ တည်ရှိရာ မြို့လည်းဖြစ်သောကြောင့်  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများသည် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)နှင့် ဝါဆိုလပြည့်ကျော်(၁)ရက်နေ့တို့တွင် ဘုရား၊ စေတီတော်မြတ်ကြီးများရှိ ဗုဒ္ဓရုပ်ပွားတော်များ ရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများ ကပ်လှူခြင်းတို့ဖြင့် အသီးသီး လာရောက် ကုသိုလ်ယူကြသည်ကို တွေ့ရသည်။

ထို့အပြင် ဘုရား၊ စေတီတော်မြတ်ကြီးများအတွင်းရှိ ဆရာတော်သံဃာတော်ကြီးက သီလပေးတရား မြွက်ကြားရာ တရားနာယူသူများ၊ ဥပုသ်သီလစောင့်ယူသူများ၊ ဘုရား၊ စေတီတော်များတစ်လျှောက် လာရောက် လည်ပတ် အပန်းဖြေကြသူများ၊ ငါးအစာ​ကျွေးသူများဖြင့် ဆက်လက် စည်ကားလျက်ရှိကြောင်း သိရသည်။

ဘာမီသာ (ပခုက္ကူ)