လွိုင်ကော် ဇူလိုင် ၁၃
ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ မြို့နာမ်စေတီတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဝတ်အသင်းအဖွဲ့များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဩဝါဒါစရိယ၊ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) သီရိမင်္ဂလာပုံ(ဟော်ကြီး)ကျောင်း ဆရာတော်ဘဒ္ဒန္တစန္ဒိမာထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။
ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ဥတ္တရုံပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဇိနောဘာသမှ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ သိကောင်းစရာများ မိန့်ကြားတော်မူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများက ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပြည်နယ် ဩဝါဒါစရိယ၊ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) သီရိမင်္ဂလာပုံ(ဟော်ကြီး)ကျောင်းဆရာတော်ဘဒ္ဒန္တစန္ဒိမာထံမှ အနုမောဒနာတရားနာကြား၍ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ယင်းနောက် လွိုင်ကော်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအသီးသီးမှ ဝတ်အသင်းအဖွဲ့(၈)ဖွဲ့က ဓမ္မစကြာအခါတော်နေ့ ဝတ်ရွတ်စဉ်များကို ရွတ်ဆိုပူဇော်ခဲ့ကြကြောင်း သိရသည်။
ကိုဇင် (လွိုင်ကော်)