ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် ပြည်မြို့ရွှေဆံတော်စေတီတော်မြတ်ကြီး၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားများပြား

ပြည် ဇူလိုင် ၁၃

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင်  ပြည်မြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး၌ နံနက်ပိုင်းမှညပိုင်းအထိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် ‌အထူးစည်ကားများပြားလျက်ရှိသည်။

ပြည်မြို့ ရွှေဆံတော်စေတီတော်မြတ်ကြီးကို နေ့စဉ်နံနက် ၅ နာရီမှ ည ၉ နာရီအထိ အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန်ဖွင့်လှစ်ထားရှိပြီး ယနေ့ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် စေတီတော်စတင်ဖွင့်လှစ်ချိန် နံနက်၅နာရီကစတင်၍ ဒေသတွင်းမြို့ခံ ပြည်သူများအပါအဝင် ယာဉ်ကြီး/ယာဉ်ငယ်အသွယ်သွယ်ဖြင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ ဘုရားဖူးလာရောက်ကြပြီး စေတီတော်ရင်ပြင်၌ စေတီတော်မြတ်ကြီးအား ဝါဆိုပန်း၊ ဆီမီး၊ ရေချမ်းနှင့် အမွှေးနံ့သာတိုင်များ ကပ်လှူ ပူဇော်ခြင်းအပါအဝင် ကုသိုလ်ကောင်းမှုအစုစုပြုကြသူများဖြင့် အထူးစည်ကားများပြားလျက်ရှိကာ စေတီတော်ခြေရင်း(အောက်ပစ္စယံ)ရှိ ယာဉ်ရပ်နားရန် နေရာများ၌ ဘုရားဖူးလာသူများ၏ မော်တော်ဆိုင်ကယ်များ၊ မော်တော်ကားများဖြင့် စည်ကားလျက်ရှိသည်။

“ဒီနေ့ကတော့သိတဲ့အတိုင်းပဲ ဝါဆိုလပြည့်နေ့ဆိုတော့ နေ့ထူးနေ့မြတ်လဲဖြစ်၊ ပိတ်ရက်လဲဖြစ်တော့ မနက် ၅ နာရီ ဘုရားစဖွင့်ကတည်းက ဘုရားဖူးလာကြတယ်ဗျ ဆက်တိုက်ပဲ။ ညပိုင်းအထိမပြတ်လာကြတယ်။ ဓာတ်လှေခါး‌‌တွေမှာ တက်သူ/ဆင်း သူတွေ တန်းစီပြီးပြည့်နေတာ မြင်တဲ့အတိုင်းပဲ။ အောက်မှာလဲ ဆိုင်ကယ်တွေ၊ ကားတွေပြည့်နေတာပဲ။ မနက်ဖြန်လဲ ဘုရားဖူး‌ တွေလာကြမှာပဲ ပြည်ဒေသရဲ့ ထုံးစံ ဝါဆိုပန်းခူးနေ့ဆိုတော့လေ”ဟု ရွှေဆံတော်ဘုရားဂေါပကအဖွဲ့ဝင် တစ်ဦးက  ပြောသည်။

ကိုဆက်