ဝေါမြို့ရှိ ကျက်သရေဆောင် မြသာလျောင်း လျောင်းတော်မှုမြတ်ကြီးတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကား

ဝေါ ဇူလိုင် ၁၃

ဝါဆိုလပြည့်နေ့ (ဗုဒ္ဓနေ့)ယနေ့သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော ဘာသာရေးနေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်သည့် အခါအားလျော်စွာ  ကျက်သရေဆောင်  စေတီတော်မြတ်ကြီးတွင် ယမန်နေ့ နံနက်ပိုင်း၌ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရှိရသည်။

ဗုဒ္ဓဘာသာဝင်တို့သည် ဓမ္မစင်္ကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ဝါဆိုလပြည့်နေ့ကို ဓမ္မစင်္ကြာအခါတော်နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပရခြင်းဖြစ်သည်။ ဓမ္မစင်္ကြာတရားတော်ကို မြတ်စွာဘုရားသည် ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ပဉ္စဝဂ္ဂီငါးဦးတို့အား ဟောကြားတော်မူခဲ့သည်။ အချိန်အားဖြင့် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ဝါဆိုလပြည့်နေ့၊ နေ၀င် , လထွက် အချိန် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တောတွင် ဟောကြားတော်မူခဲ့ခြင်း ဖြစ်သည်။

ဓမ္မစင်္ကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက် ပေသည်။ ဓမ္မစင်္ကြာ တရားတော်ကို စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ (အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။ အစဉ်အလာကို ပြည်သူများက ခေတ်အဆက်ဆက်မှစ၍ ယနေ့အချိန်ထိ  ကျင်းပခဲ့ကြသည်။

အထင်ကရတစ်ခုဖြစ်သော ဝေါမြို့နယ်၏ ကျက်သရေဆောင် စေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့်နေ့ နေ့ထူးနေ့မြတ် ဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာပြည်သူများက ဗုဒ္ဓဘာသာဝင်သူများသည် စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး ဆုတောင်းကြကာ ဘုရားဖူးလာသူများက အဓိဌာန် ပုတီးစိပ်ခြင်း၊ ဂုဏ်တော်များနှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)