ကော့သောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၂/၂၀၂၂) ဖွင့်လှစ်

ကော့သောင်း ဇူလိုင် ၁၃

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ရုံးမှ ကြီးမှူးဖွင့်လှစ်သည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (၂/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

အခမ်းအနားတွင် ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကော့သောင်းခရိုင်တာဝန်ခံ ဦးအောင်မျိုးကိုက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

အဆိုပါသင်တန်းအား မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေးစသည့် သဘာဝဘေး အန္တရာယ်များ မကျရောက်မီ ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက် တတ်ကြစေရန်နှင့် ရင်ဆိုင်ကြုံတွေ့လာရချိန်တွင် ပျက်စီးဆုံးရှုံးမှုနှင့် အသက်ဆုံးရှုံးမှု လျော့နည်းစေရန်၊ ပိုမိုကောင်းမွန်သောတုံ့ပြန်မှုကို ဆောင်ရွက်နိုင်ရန်၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကူညီကာကွယ်စောင့်ရှောက်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်ကာ ကြိုတင်ပြင်ဆင် လုပ်ဆောင်ရမည့် နည်းလမ်းများအား သိရှိစေရန်၊ သဘာဝဘေးအန္တရာယ်များ ကျရောက် လာပါက အခြေခံကျသည့် ရပ်ရွာများမှ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် ရပ်ကွက်၊ ကျေးရွာစွမ်းအားစုများ ပေါ်ထွက်လာရေး ရည်ရွယ်ကာ ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ သင်တန်းသား (၃၀) ဦးအား စာတွေ့လက်တွေ့များဖြင့် အပြန်အလှန်ဆွေးနွေးဖလှယ်မှုပုံစံဖြင့် သင်တန်းကာလ (၃) ရက်တာ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)