နိုင်ငံတော်မှစေလွှတ်သည့် ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ လေ့လာခရီးစဉ်သွားရောက်ခဲ့သည့် ကရင်ပြည်နယ်မှ ကျောင်းသူလေး (၂) ဦး၏ ရင်တွင်းစကားသံ

ဘားအံ ဇူလိုင် ၁၃

 

သမီးတို့ပြည်နယ်၊ သမီးတို့နိုင်ငံကို သမီးကလှလှလေးပုံဖော်ပေးချင်တယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေးဝန်ကြီးဌာနမှ စီမံပို့ဆောင်ပေးသည့် နိုင်ငံခြားလေ့လာရေးခရီးစဉ်တွင် ပါဝင်ခဲ့သော ကရင်ပြည်နယ်မှ ထူးချွန်ကျောင်းသူနှစ်ဦးသည် ဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဘားအံမြို့သို့ ပြန်လည်ရောက်ရှိလာရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

အဆိုပါ ကျောင်းသူနှစ်ဦးမှာ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာ၊ မြတ်သောအမွှေကိုယ်ပိုင်အထက်တန်းကျောင်းမှ ဝိပ္ပံဘာသာတွဲ (အတွဲ-၁) ၌ ရမှတ် ၅၀၅ မှတ်ဖြင့် တစ်နိုင်ငံလုံးတွင် အဆင့် ၉ ရရှိခဲ့သည့် ကျောင်းသူ နန်းသန်းဌေးနုနှင့် ကြာအင်းဆိပ်ကြီးအထက်တန်းကျောင်းမှ ဝိဇ္ဇာဘာသာတွဲ (အတွဲ-၂) ၌ ရမှတ် ၄၉၁ မှတ်ဖြင့် တစ်နိုင်ငံလုံးတွင် အဆင့် ၅ ရရှိခဲ့သည့် ကျောင်းသူမလှိုင်ပွင့်ဖြူတို့ဖြစ်ကြပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်၍ မြန်မာတစ်နိုင်လုံးတွင်ရ မှတ်အများဆုံးအဆင့် (၁) မှ (၁၀) အတွင်း ရရှိခဲ့သူများဖြစ်ကာ နိုင်ငံတော်မှစေလွှတ်သည့် ထိုင်းနိုင်ငံနှင့်စင်္ကပူနိုင်ငံသို့ လေ့လာခရီးစဉ်သွားရောက်ခွင့်ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူ ၃၃ ဦးအနက် ကရင်ပြည်နယ်မှ ပါဝင်ခဲ့သူနှစ်ဦးဖြစ်သည်။

၎င်းတို့သည် ဇူလိုင်လ ၄ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့ထိ ထိုင်းနိုင်ငံနှင့် စင်္ကပူနိုင်ငံတို့တွင် လေ့လာရေးခရီး သွားရောက်ခဲ့ကြပြီး ခရီးစဉ်နှင့်ပတ်သက်၍ “ ၄ ရက်နေ့မနက်ပိုင်းမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မြဘုရားကိုစတင် ရောက်ရှိလေ့လာခဲ့ပြီးတော့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာတော့ ထိုင်းနိုင်ငံမှာ လေ့လာရမယ့်ခရီးစဉ်နဲ့ ပတ်သက်ပြီး ရှင်းပြပေးတယ်၊ အင်္ကျီတစ်ထည်နဲ့ ထီးတစ်ချောင်းလက်ဆောင်ပေးပြီးတော့ သမီးတို့ကို အစားအစာတွေနဲ့ဧည့်ခံ ကျွေးမွေးပါတယ်၊ နောက်တစ်ရက်ကျတော့ ASSUMPTION တက္ကသိုလ်ကိုသွားရောက်လေ့လာပြီးတော့ ပတ္တရား ကမ်းခြေကိုသွားတယ်၊ နေပူပြီးတော့ကမ်းခြေကဝေးလို့ ဓါတ်ပုံရိုက်ပြီးတော့ဘဲပြန်လာခဲ့တယ်၊ ပတ္တယားရေပေါ်ဈေးနဲ့ တောင်ပေါ်ဘုရားကိုလည်းသွားခဲ့တယ်၊ အပျော်စီးသင်္ဘောလည်းစီးရတယ်၊ ညစာလည်းကောင်းကောင်းကျွေးတယ်၊ အများကြီးလည်းစားခဲ့တယ်၊ ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးတာဝါကိုလည်းတက်ခဲ့ရတယ်၊ အမြင့်ကနေကြည့်ရတဲ့အတွက် အပေါ်စီးကနေ အရာအားလုံးကိုမြင်တွေ့ခဲ့ရတယ်၊ ကားလမ်းမတွေ လျှပ်စစ်မီးတွေ တိုက်တာအဆောက်အဦတွေ အများကြီးတိုးတက်နေတာမြင်ရတော့ သမီးတို့လည်းတိုးတက်ဖို့ အများကြီးကြိုးစားရအုံးမယ်ဆိုတဲ့ အသိစိတ်ကို ရခဲ့တယ်၊ ၆ ရက်နေ့မနက်မှာတော့ လေယာဉ်နဲ့စင်္ကာပူနိုင်ငံကို ဆက်လက်ထွက်ခွာလာပြီး စစ်သံရုံးမှာခရီးစဉ်နဲ့ ပတ်သက်လို့ စင်္ကာပူမှာလိုက်နာရမယ့်စည်းကမ်းတွေ ဓါတ်လှေကားစီးရင်ဘယ်လိုစီးရမယ်၊ ခရီးစဉ်နဲ့ပတ်သက်တဲ့ အကြောင်းတွေပြောပြပေးတယ်၊ သမီးတို့ထူးချွန်ကျောင်းသား/သူတွေကို နွေးထွေးစွာကြိုဆိုပါတယ်ဆိုတဲ့ ဆိုင်းဘုတ် လေးလည်းကပ်ထားတယ်၊  အဖွဲ့လေးဖွဲ့ခွဲပြီး မဲနှိုက်လို့ပေါက်တဲ့သူဆိုရင် အဲဒီကဝန်ကြီးတွေနဲ့ ညစာစားခွင့်ရတယ်၊ ညနေပိုင်းမှာဆိုရင် စင်္ကာပူနိုင်ငံမှာရှိတဲ့ ရှုမျှော်ခင်းတွေကိုလိုက်ပြပေးတယ် အဲဒီမှာဆိုရင် စက်ဘီးစီးတဲ့သူကစီး လမ်းလျှောက်တဲ့သူကလျှောက် လေ့ကျင့်ခန်းလုပ်တဲ့သူကလုပ်နဲ့ အမှိုက်လည်းတစ်စက်မှမရှိဘူး သစ်ပင်တွေကိုလည်း လှလှပပလေးလုပ်ထားကြတယ်  သမီးတို့အမှတ်တမဲ့ထားတဲ့ သစ်ပင်တွေကို သူတို့ကလှလှပပလေးလုပ်ထားတဲ့အခါ ကျတော့ စိတ်ကြည်နူးဖို့ကောင်းတယ်၊ Universal Studios Singapore ၊ Science Center Singapore သိပ္ပံပြတိုက်၊ Nanyang Technological University-NTU တွေကိုလည်း သွားရောက်လေ့လာလည်ပတ်ခွင့်ရခဲ့ပါတယ်၊ လိုက်လံ ရှင်းပြပေးတဲ့သူတွေက အင်္ဂလိပ်လိုဘဲရှင်းပြပေးတယ်၊ အင်္ဂလိပ်လိုမတက်ရင်တော့မရဘူးပေါ့၊ ဘယ်နေရာသွားသွား သမီးတို့ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေကို သူတို့နိုင်ငံရဲ့ VVIP အထူးဧည့်သည်တွေလို အထင်ကြီးခြင်းလေးစားခြင်း ဦးစားပေးခြင်းခံခဲ့ရတယ်” ဟု ထူးချွန်ကျောင်းသူ နန်းသန်းဌေးနုက သူမ၏ အတွေ့အကြုံကိုပြောပြ သည်။

“အခုလိုမျိုးဖြစ်ဖို့ အများကြီးကြိုးစားခဲ့ရပါတယ်၊ အစကတော့ ဘာသာစုံဂုဏ်ထူးရဖို့လောက်ဘဲ မျှော်မှန်းခဲ့တာပါ၊ မြန်မာတစ်နိုင်ငံလုံးမှာ ရမှတ်အများဆုံးအဆင့်ထဲကို ရောက်မယ်လို့လည်းထင်မထားခဲ့ဘူး၊ အရမ်းပျော်တယ်၊  နိုင်ငံခြားလေ့လာရေးခရီးစဉ် သွားရတော့ပိုပြီးတော့ပျော်တာပေါ့၊ သမီးက စီးပွားရေးတက္ကသိုလ်တက်မယ်လို့ ဆုံးဖြတ် ထားတယ်၊  ရန်ကုန်မှာ စီးပွားရေးတက္ကသိုလ်တက်ပြီး နိုင်ငံခြားတက္ကသိုလ်တစ်ခုခုမှာ ဘွဲ့လွန်ဆက်တက်ဖို့မျှော်မှန်း ထားပါတယ်၊ အများကြီးတော့ ကြိုးစားဖို့တော့လိုတာပေါ့ ကိုယ့်ရဲ့ပြည်နယ် ကိုယ့်ရဲ့နိုင်ငံကိုလည်း အများကြီး တိုးတက်ပြောင်းလဲအောင် လုပ်ပေးချင်တယ်၊ စင်္ကာပူလိုနိုင်ငံမှာဆိုရင် သမီးတို့အမှတ်တမဲ့ထားတဲ့သစ်ပင်ကိုတောင် သူတို့က လှလှလေးပုံဖော်ပေးထားတယ်  သမီးတို့ပြည်နယ်၊ သမီးတို့နိုင်ငံကိုလည်း သမီးကလှလှလေးပုံဖော်ပေးချင်တယ်” ဟု ထူးချွန်ကျောင်းသူနန်းသန်းဌေးနုက ဆက်လက်ပြောကြားသည်။

ဝိဇ္ဇာဘာသာတွဲတွင် အမှတ်အများဆုံး အဆင့် ၁ မှ ၁၀ အတွင်းဝင်ပြီး လေ့လာခရီးမှ ပြန်လည်ရောက်ရှိလာသော ထူးချွန်ကျောင်းသူ မလှိုင်ပွင့်ဖြူက “သမီးတို့ ဇွန်လ ၂၃ ရက်နေ့ကနေ နေပြည်တော်ကို စတင်ထွက်ခွာခဲ့တာပါ၊ ၂၄ ရက်နေ့မှ ပညာရေးဝန်ကြီးဌာန ဘဘပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ခွင့်ရခဲ့ပြီးတော့ နိုင်ငံခြားလေ့လာရေးခရီးစဉ်သွားရ မယ့်အကြောင်းတွေကို ပြောပြခဲ့ပါတယ်၊ ဇွန်လ ၂၇ ရက်နေ့ကစပြီးတော့ နေပြည်တော်မှာလေ့လာရေးခရီးစတင်ပါ တယ်၊ ဇွန်လ ၃၀ ရက်နေ့ထိပါ၊  အမျိုးသားပြတိုက်၊ တိုင်းရင်းသားကျေးရွာ၊ တိရိစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ ကျောက်မြတ်ရတနာပြတိုက်၊ တပ်မတော်စစ်သမိုင်းပြတိုက် စတဲ့နေရာတွေကို သွားရောက်လေ့လာခဲ့ပြီးတော့ သမီးတို့ မြန်မာတိုင်းရင်းသားလူမျိုးတွေရဲ့သမိုင်းအကြောင်းနဲ့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တွေ တိုးပွားရပါတယ်၊ ၃ ရက်နေ့မှာ ရန်ကုန်ဆင်းပြီး ၄ ရက်နေ့ကနေ ၈ ရက်နေ့ထိ ထိုင်းနိုင်ငံနဲ့စင်္ကာပူနိုင်ငံကို နိုင်ငံခြားလေ့လာရေးခရီးစဉ်သွားရောက်ခဲ့ ပါတယ်၊ စင်္ကာပူမှာဆိုရင် လူတိုင်းကစည်းကမ်းရှိကြပြီး အမှိုက်တစ်စက်မှမရှိသလို ဆေးလိပ်သောက်တဲ့သူတွေကို လည်း မမြင်တွေ့ခဲ့ရဘူး သွားလာလှုပ်ရှားတာကအစ စည်းကမ်းတကျနဲ့ အတုယူဖို့ကောင်းပါတယ်၊ တက္ကသိုလ် ဝင်တန်းမှာ အမှတ်ကောင်းကောင်းရဖို့ ငယ်ငယ်ကတည်းက မူလတန်း၊ အလယ်တန်း၊ အထက်တန်းထိ အတန်းစဉ် အလိုက် ကြိုးစားခဲ့ရတာပါ၊ စာဖတ်ချိန်၊ ကစားချိန်၊ အိမ်အလုပ်ကူလုပ်ချိန်၊ အနားယူချိန် စသည်ဖြင့် စနစ်တကျသတ် မှတ်ပြီးတော့ စာကြွေးမထားဘဲ ပုံမှန်လေးကြိုးစားခဲ့ရပါတယ်၊ အနာဂတ်အတွက် သမီးကတော့ B.ED(ပညာရေးဘွဲ့) တက်ဖို့စဉ်းစားထားပါတယ်၊ သမီးတို့နိုင်ငံကို နိုင်ငံတကာနဲ့ရင်ဘောင်တန်းပြီး ပိုမိုကျော်လွန်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ လူသားအရင်းအမြစ်ပညာတက်လူငယ်လေးတွေကို သမီးကပြုစုပျိုးထောင်မွေးထုတ်ပေးချင်ပါတယ်၊ သမီးတို့ကိုနိုင်ငံခြားလေ့လာရေးခရီးစဉ် စီစဉ်ပို့ဆောင်ပေးတဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ဘဘဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေ၊ အစစအရာရာကူညီထောက်ပံ့ပေးခဲ့တဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့ ကရင်ပြည်နယ်ပညာရေးမှူးရုံးက ဆရာကြီး၊ဆရာမကြီးအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်” ဟု ပြောသည်။

အဆိုပါထူးချွန်ကျောင်းသူနှစ်ဦးနှင့်မိဘများအား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် အစိုးရအဖွဲ့ဝင်များက ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြန်မာထူးချွန် ကျောင်းသား၊ ကျောင်းသူများစာရင်းတွင် ကရင်ပြည်နယ်မှ(၂)ဦးပါဝင်ခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ကရင်ပြည်နယ်နေ့ အခမ်းအနားတွင် ထပ်မံ၍ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ မျိုးချစ်စိတ် တိုင်းပြည်ချစ်စိတ်ရှိဖို့လိုပြီး ပါရဂူဘွဲ့ရသည်အထိ ဘာသာရပ်ဆိုင်ရာထူးချွန်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ မည်သည့်ကိစ္စရပ်မဆို ရည်မှန်ချက်ကိုမြင့်မားစွာထား၍ ထိပ်ဆုံးသို့ရောက်သည်အထိ ကြိုးပမ်းကြရန်နှင့် နိုင်ငံတော်မှအားထားရသည် ပညာရှင်များဖြစ်အောင်ကြိုးစားကြစေလိုကြောင်းစသည်ဖြင့် ဂုဏ်ပြုအားပေးစကားများ ပြောကြားကာ ငွေကျပ်တစ်သိန်းစီနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထူးချွန် ကျောင်းသား၊ ကျောင်းသူများကို ပြည်ပနိုင်ငံအတွေ့အကြုံကောင်းများရရှိစေပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်စေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေး ဝန်ကြီးဌာနက နိုင်ငံခြားလေ့လာရေးခရီးစဉ်ကို စီစဉ်ပို့ဆောင်ပေးခဲ့ခြင်းသည် နိုင်ငံတော်အကြီးအကဲများ၏ စေတနာကို ထင်ဟပ်ပေါ်လွင်စေပြီး ကျောင်းသားလူငယ်များအနေဖြင့်လည်း မြန်မာထူးချွန်ကျောင်းသား/သူများအား လေးစားအားကျအတုယူစေလိုကာ ပညာရေးပန်းတိုင်ကိုဆုံးခန်းတိုင်အောင် လျှောက်လှမ်း၍ ခေတ်မီဖွံ့ဖြိုးတိုးတက် သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို တည်ဆောက်ရာတွင် ပညာတတ်၍ အကျင့်စာရိတ္ထကောင်းမွန်သော၊ ယဉ်ကျေးလိမ္မာသော၊ မျိုးချစ်စိတ်နိုင်ငံချစ်စိတ်ပြည့်ဝသော၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော၊ ကျန်းမာသန်စွမ်း၍ ပညာရည်ပြည့်ဝသော အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများ ပေါများစွာပေါ်ပေါက်ပါစေကြောင်း ဆန္ဒပြုရေးသားလိုက်ရပါသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)