ရွှေသောင်ယံ ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-မ-က(၁၉၂) သဲကုန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက ဇူလိုင်လ(၁၉)ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အကြိုဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်သည်။
အဆိုပါအာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲတွင် ရွှေသောင်ယံ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခင်ဝေဝေမြင့်မှ ရှေးဦးစွာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် သိသင့်သိထိုက်သည်များကို ကျောင်းသား၊ ကျောင်းသူလေးများအား ဟောပြောပေးခဲ့သည်။
ထို့နောက်အ-မ-က(၁၉၂)ကျောင်း အုပ်ဆရာမကြီး ဒေါ်အေးအေးနိုင်မှ အာဇာနည်နေ့ဖြစ်ပေါ်ပုံအကြောင်းအရာများ ဟောပြောပြီး ကျောင်းသူတစ်ဦးမှ ဒေါ်မေလှမြိုင်သီဆိုသည့် အလေးပြုပါသည် သီချင်းကိုလည်းကောင်း၊ ဆရာ၊ ဆရာမများမှ အာရှသူရဲကောင်းသီချင်းဖြင့် လည်းကောင်း အာဇာနည်နေ့ကို ဂုဏ်ပြုခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်မှူး ဒေါ်ခင်ချိုချိုလတ်မှစာအုပ်စာစောင်ပြပွဲကို ခင်းကျင်းပြသရာ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူတို့မှ လေ့လာကြည့်ရှုပြီး ဖတ်ရှုလိုသည့် စာအုပ်စာစောင်များကို ငှါးရမ်းခဲ့ကြသည်။
ကိုကိုမောင်-ရွှေသောင်ယံ(ပြန်/ဆက်)