ခမောက်ကြီး ဇူလိုင် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ဇူလိုင်(၁၉)ရက်နေ့၌ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြသခြင်းကို ယနေ့နံနက် (၉) နာရီခန့်က ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အထကခမောက်ကြီးကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးဆောင်သော ဟောပြောပွဲ အဖွဲ့ဝင် ဆရာမများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းအုပ်ဆရာကြီး ဦးတင်ကြိုင်မှ ဝမ်းနည်းဖွယ် အထိမ်းအမှတ် တစ်ခုဖြစ်သော အာဇာနည်နေ့သမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများသိရှိရန်နှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်များအား လေးစား အမှတ်ရနေစေရန်ရည်ရွယ်၍ ဟောပြောပြသခဲ့ကြောင်း သိရသည်။
ရူပါမြင့် (ခမောက်ကြီး)